flying_1sht_11

ငယ်စဉ်ကလေးဘဝမှာ ကျောင်းသူလေး Sayaka Kudo ဟာ အကြောင်းအမျိုးမျိုးကြောင်း ကျောင်းပေါင်းစုံ ပြောင်းလဲ တက်ခဲ့ရပါတယ်။ အဲဒီလို တက်ခဲ့ရတဲ့အတွက် သူတက်သမျှ ကျောင်းတိုင်းမှာ သူ့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ မရခဲ့ပါဘူး။ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့ Sayaka ဟာ သူ့ကို အလွန်ချစ်မြတ်နိုးတဲ့ မိခင်ရဲ့ ကျေးဇူးကြောင့် မိန်းကလေးသီးသန့် ပုဂ္ဂလိက အထက်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ပြီး သူငယ်ချင်းတွေ ရလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့သူငယ်ချင်းအုပ်စုဟာ စာကို စိတ်ဝင်စားခြင်း မရှိပဲ အလှအပနဲ့ အပျော်အပျက်တွေမှာသာ မွေ့လျော်နေခဲ့ပါတယ်။ အထက်တန်း ဒုတိယနှစ် (ဂျပန်နိုင်ငံတွင် အထက်တန်းကို ၃ နှစ် သင်ကြားရသည်) ရောက်လာသည်အထိ Sayaka ဟာ ရည်မှန်းချက်လည်း မရှိသလို ဖြစ်သလို နေထိုင်ခဲ့ပါတယ်။

Biri-Gal-Japanese-Movie-02

Sayaka ရဲ့ ဖခင်ဟာ Sayaka ရဲ့ မောင်ကို ဘေ့စ်ဘော အားကစားသမား တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ရင်း အလုပ်ရှုပ်နေခဲ့ပြီး Sayaka နဲ့ သူ့ညီမကိုတော့ မိခင်ကပဲ ပြုစုပျိုးထောင်ခဲ့ပါတယ်။ စာလည်း ကြိုးစားချင်စိတ် မရှိတဲ့ Sayaka ဟာ အထက်တန်း ဒုတိယနှစ်မှာ ကျောင်းထဲ ဆေးလိပ်သောက်မှုနဲ့ ကျောင်းနားခံရပါတယ်။ ပြဿနာတွေ ကြီးကြီးမားမား ရှိနေပြီမှန်း နားလည်လိုက်တဲ့ Sayaka ရဲ့ မိခင်ဟာ ကျောင်းနားလိုက်ရတဲ့ ကာလအတွင်းမှာ Sayaka ကို အပြင် ကျူရှင်အပ်ပြီး ပညာသင်ကြားစေပါတယ်။ မိခင်ရဲ့ ဂရုစိုက်မှုကို နားလည်တဲ့ Sayaka ဟာ Seiho ဖြည့်စွက်ပညာသင်ကျောင်းမှာ သွားရောက် ပညာသင်ပါတယ်။ အဲဒီကျောင်းက ဆရာလေး Yoshitaka Tsubota ဟာ Sayaka ရဲ့ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

1280x720-VPc

ကျောင်းစတက်ကာစ ကာလမှာ Sayaka ဟာ Gyaru လို့ ခေါ်တဲ့ ခေတ်ဆန်ဆန် ဆတ်ကော့လတ်ကော့ မိန်းကလေးငယ် အသွင်အပြင်နဲ့ ကျောင်းကို ရောက်လာပါတယ်။ သူ့ရဲ့ အရည်အချင်းဟာ မူလတန်းကျောင်းသား သာသာပဲ ရှိပြီး အရှေ့အနောက်တောင်မြောက်တောင် ကောင်းကောင်းခွဲခြားနိုင်စွမ်း မရှိပါဘူး။ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကောင်းကောင်းနားလည်တဲ့ ဆရာ Tsubota အတွက်တော့ ဒီကောင်မလေးကို ကိုင်တွယ်ဖို့ အတော် ဦးနှောက်ခြောက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆရာ Tsubota ဟာ Sayaka ရဲ့ စိတ်ဓာတ်အခြေအနေကို ကောင်းကောင်း အကဲခတ်တဲ့အခါ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အကောင်းမြင်နိုင်စွမ်းကို မြင်တွေ့မိပြီး ဂျပန်တက္ကသိုလ်တွေထဲမှာ ဝင်ခွင့်ခက်ခဲတယ်လို့ ကျော်ကြားတဲ့ Keio တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဝင်ဖြေဖို့ ပစ်မှတ်ထားလိုက်ပါတယ်။

ba717d0ee469065c7685451faac40cf2

Sayaka အတွက် Keio တက္ကသိုလ် ဝင်ခွင့်ဆိုတာ အရမ်းအလှမ်းဝေးတယ်လို့ ပြောနိုင်ပေမယ့် တစ်နှစ်ခွဲအချိန်ကာလဟာ Sayaka အတွက် သေချာပေါက် လုံလောက်တယ်လို့ Tsubota ကတော့ ယူဆထားပါတယ်။ အထက်တန်းကျောင်း မပြီးခင် ကာလအတွင်းမှာ Sayaka အတွက် ခက်ခဲတဲ့ ခရီးကြမ်းက စောင့်ကြိုနေတယ်။ Sayaka ရဲ့ ဖခင်ကတော့ Sayaka လို ဉာဏ်တိမ်တဲ့ မိန်းကလေးကို ပြုစုပျိုးထောင်ပေးလိုစိတ် မရှိပဲ သားအလတ်ကိုသာ ဘေ့စ်ဘောကစားသမား ဖြစ်လာအောင် တွန်းအားပေးနေခဲ့ပါတယ်။ ဖခင်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက် Sayaka ဟာ သူ့ရဲ့အရည်အချင်းကို အစွမ်းကုန် အသုံးချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာ ရှေ့နေဖြစ်သူ ဖခင်နဲ့ ပြဿနာတက်ပြီး ဂိမ်းပဲ တချိန်လုံး ကစားနေတဲ့ Reiji ဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက် ရောက်လာပါတယ်။ Reiji ဟာ ဖခင်ဖြစ်သူကို လက်စားချေဖို့အတွက်ပဲ စိတ်အားထက်သန်နေတာကြောင့် ဆရာ Tsubota က ဖျောင်းဖြပြီး တဖက်လှည့်နဲ့ စာကြည့်ခိုင်းပါတယ်။

BiriGirl-1080-cc

မူလတန်းအဆင့်ကို အလွယ်တကူ နားလည်သွားတဲ့ Sayaka ဟာ အလယ်တန်းအဆင့်ကို ကျော်ဖြတ်နိုင်ရင် ဆရာTsubota ရဲ့ ငယ်ဘဝ ဓာတ်ပုံကို ကြည့်ခွင့်ပေးရမယ်လို့ တောင်းဆိုပါတယ်။ ဆရာနဲ့ သဘောတူညီချက်အရ နွေရာသီ ကျောင်းပိတ်ရက်မှာ အလယ်တန်း အင်္ဂလိပ်စာကို ကြေညက်ခဲ့ရင် ဓာတ်ပုံကြည့်ခွင့်ရမှာ ဖြစ်တာကြောင့် Sayaka တစ်ယောက် အသည်းအသန် ကြိုးစားပါတယ်။ တဖက်ကလည်း Sayaka ရဲ့ မောင်ကိုပဲ အရေးပေးလွန်းနေတဲ့ ဖခင်ဖြစ်သူကို အစွမ်းအစ ပြချင်တာကြောင့် Sayaka ဟာ သူငယ်ချင်းတွေနဲ့ လည်ပတ်နေတဲ့ အချိန်မှာတောင် စာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေလေ့ ရှိပါတယ်။ နွေပိတ်ရက် သုံးပတ်အတွင်းမှာ အလယ်တန်းအဆင့် အင်္ဂလိပ်စာကို အမှတ်ပြည့်ရအောင် ဖြေဆိုနိုင်တဲ့အတွက် Sayaka ဟာ သူရချင်တဲ့ ဆုလာဘ်ကို ဆရာ Tsubota ဆီက ရခဲ့ပါတယ်။

ဆရာ Tsubota ဟာ ငယ်စဉ်က အလွန်ကြောက်ရွံ့တတ်ခဲ့ပြီး ဆရာတွေရဲ့ ဆဲဆို ကြိမ်းမောင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာ သူလိုမျိုး အဆူအဆဲခံ ကျောင်းသားတွေကို သင်ကြားပြသပေးဖို့ ဆုံးဖြတ်ပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အချိန်ပြည့်နီးပါး စာကို လေ့လာနေရတဲ့ Sayaka အတွက် ကိစ္စတိုင်းဟာ အလွယ်တကူတော့ မဟုတ်ပါဘူး။ တစ်ပတ် သုံးရက် ကျူရှင်တက်နေရတဲ့အပြင် သူငယ်ချင်းတွေကိုလည်း အချိန်ပေးနေရတဲ့ Sayaka အတွက် အိပ်ချိန်တောင် မကျန်တော့ပါဘူး။ ဒါကြောင့် Sayaka ဟာ ကျောင်းချိန်တွေမှာ အိပ်ပျော်နေလေ့ရှိပြီး ဆရာတွေရဲ့ ငြိုငြင်မှုကို ခံရပါတော့တယ်။ Sayaka ဟာ အတန်းပိုင်ဆရာနဲ့ အငြင်းအခုန်ဖြစ်ပြီး သူသာ Keio တက္ကသိုလ် ဝင်ခွင့်ရမယ်ဆိုရင် ဆရာက ကျောင်းထဲမှာ ကိုယ်တုံးလုံး ပတ်ပြေးပြမယ်လို့ စိန်ခေါ်ပါတော့တယ်။ အဲဒီစိန်ခေါ်ချက်ကို Sayaka ကလည်း လက်ခံလိုက်ပါတယ်။

1DD

Sayaka အတွက် နောက်ထပ် ပြဿနာတစ်ခုကတော့ သဒ္ဒါပိုင်းကို ကျွမ်းကျင်လာပေမယ့် ဖတ်စာပိုင်းမှာ အရမ်းအားနည်းလွန်းနေတာပါပဲ။ အဓိက ပြဿနာကတော့ Sayaka ဟာ ကလေးစိတ် မကုန်သေးပဲ ဗဟုသုတ အားနည်းနေတာပါပဲ။ ဒါ့အပြင် ဖခင်ကလည်း Sayaka အတွက် ကျူရှင်စရိတ် အကုန်အကျ မခံလိုတာကြောင့် မိခင်ဖြစ်သူက အလုပ်လုပ်ပြီး ငွေကို ကြိုးစားရှာရပါတော့တယ်။ အရမ်းကြိုးစားနေတဲ့ Sayaka ရဲ့ သူငယ်ချင်းတွေကလည်း သူနဲ့ မလည်တော့ပဲ စာပိုကျက်ဖို့ ဝိုင်းပြီး တွန်းအားပေးကြပါတယ်။ အရမ်းပင်ပန်းလွန်းတဲ့ Sayaka ဟာ ကိုယ့်ကိုယ်ကိုလည်း ထိန်းချုပ်လိုက်ပြီး ဆံပင်တွေကို ညှပ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ ခဏခဏ အိပ်ပျော်နေတဲ့အတွက် အတန်းပိုင်ဆရာကတော့ Sayaka ကို မိဘခေါ် ဆွေးနွေးပါတယ်။

Sayaka တစ်ယောက် အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နိုင်ပါ့မလား။ သူ့ရဲ့ အိပ်မက်၊ မိခင်ရဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်ပါ့မလား။ ဖခင်ရဲ့ မျှော်လင့်ချက်ကိုလည်း ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါ့မလား။ Reiji နဲ့ အတူ အထက်တန်း ကျောင်းသားဘဝကို ဘယ်လို ဖြတ်သန်းမလဲ။ မပြေလည်တဲ့ မောင်နဲ့ ဘယ်လို ပြန်လည်ပေါင်းစည်းနိုင်မလဲ။ ခက်ခဲလှတဲ့ Keio တက္ကသိုလ် ဝင်ခွင့် ရနိုင်ပါ့မလား။ ဝင်ခွင့်မရရင် ဘာဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြပါ။

birigyaru1

Flying Colors ခေါ် Birigyaru ဇာတ်ကားဟာ စာရေးဆရာ Nobutaka Tsubota ရဲ့ အရောင်းရဆုံး ဝတ္ထုကို အသက်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Sayaka Kobayashi ဆိုတဲ့ ကျောင်းသူကို Keio တက္ကသိုလ်ဝင်ခွင့် ရအောင် Nobutaka Tsubota ကိုယ်တိုင် ကြိုးစားသင်ကြားပေးခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ဇာတ်အိမ်ပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း တတိယမြောက် ဝင်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်ပြီး အာရှတလွှားမှာ ပရိသတ်အားပေးမှု အပြည့်အဝ ရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ Sayaka အဖြစ် သရုပ်ဆောင် အသစ် Kasumi Arimura က ပါဝင် သရုပ်ဆောင်ထားပြီး ဆရာ Tsubota အဖြစ် Atsushi Ito က သရုပ်ဆောင်ထားပါတယ်။ Sayaka ရဲ့ မိခင်အဖြစ် Yō Yoshida က အားဖြည့်ထားပြီး Reiji အဖြစ် Shūhei Nomura က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Nobuhiro Doi က ရိုက်ကူးထားပြီး Comedy Drama အဖြစ် ရောသမမွှေထားပါတယ်။

IMDb မှာ Rating 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်သလို ၂ နာရီနီးပါး ကြာမြင့်ပေမယ့် လုံးဝ ပျင်းရိစရာ မကောင်းပဲ စိတ်ဝင်စားစရာ ကောင်းအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ အချို့ ဂျပန်အသုံးအနှုန်းတွေကိုလည်း ရှင်းလင်းချက်လေးတွေနဲ့ ထည့်သွင်းထားတာကြောင့် ဂျပန်ပညာရေးအကြောင်း မတီးခေါက်မိသူတွေတောင် နားလည်နိုင်ပါတယ်။ Sayaka အဖြစ် သရုပ်ဆောင်တဲ့ Kasumi Arimura ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို အသက်ဝင်စေသလို ဆရာ Tsubota အဖြစ် သရုပ်ဆောင်တဲ့ Atsushi Ito ရဲ့ တက်ကြွတဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်လမ်းကို ပိုမို ကြွတက်စေပါတယ်။ လူငယ်တွေရဲ့ ကျောင်းပတ်ဝန်းကျင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ပညာရေးရဲ့ ကမောက်ကမ အဖြစ်အပျက်တွေကိုလည်း ပေါ်လွင်အောင် ရိုက်ကူးထားနိုင်ပါတယ်။ မိသားစုပဲ ကြည့်ကြည့်၊ အပန်းဖြေဖို့ပဲ ကြည့်ကြည့်၊ အဓိပ္ပာယ်ရှိရှိ အရသာခံပြီးပဲ ကြည့်ကြည့် သေချာပေါက်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Hollinaz

 

 

Flying Colors [Birigyaru] (2015)

| Comedy, Drama | 0 Comments
About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>