Eos ဆိုတဲ့ ဂြိုဟ်ကြီးတစ်ခုပေါ်မှာ Lucis ၊ Tenebrae နဲ့ Niflheim အပါအဝင် နိုင်ငံအများအပြားဟာ သက်ဆိုင်ရာ တော်ဝင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြပါတယ်။ နိုင်ငံတစ်ခုစီတိုင်းမှာ အဲဒီနိုင်ငံရဲ့ စွမ်းအားရှိ လက်နက်အဖြစ် မှော်ကျောက်တုံး တစ်တုံးစီ ရှိကြပါတယ်။ ဒါပေမယ့် Niflheim ဘုရင်ဟာ စက်ကိရိယာတွေ၊ လက်နက်တွေနဲ့ သတ္တဝါဆန်းကြီးတွေကို အသုံးပြုပြီး ကျန်တဲ့ နိုင်ငံတွေဆီကနေ မှော်ကျောက်တုံးတွေကို လိုက်လံလုယူပါတယ်။ နောက်ဆုံး Niflheim ရဲ့ အင်ပါယာကို ခုခံနိုင်တာဆိုလို့ Lucis တစ်ခုပဲ ကျန်ပါတော့တယ်။

Lucis ရဲ့ ဘုရင် Regis ဟာ သေလုမျောပါး နာမကျန်းဖြစ်နေတဲ့ သူ့သား Noctis ကို ဆေးကုသဖို့ Tenebrae ကို လျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ Noctis ရဲ့ ငယ်သူငယ်ချင်း Lunafreya ဟာ Tenebrae က မင်းသမီးငယ်လေးပါ။ သူတို့ရဲ့ ဆေးကုသမှု သတင်းပေါက်ကြားသွားပြီးနောက် ဗိုလ်ချုပ် Glauca ဦးဆောင်တဲ့ Niflheim တပ်တွေက Tenebrae ကို ရုတ်တရက်ဝင်တိုက်တဲ့အခါ Lunafreya နဲ့ သူ့အစ်ကို Ravus တို့ပဲ အသက်ရှင်ကျန်ရစ်ပြီး ကျန်တဲ့သူတွေ အကုန် အသတ်ခံရပါတယ်။ သူတို့ကို မကယ်ပဲ ထွက်ပြေးတဲ့ ဘုရင်ကြီး Regis ကို Ravis က အညှိုးအတေး ထားပါတော့တယ်။

nyx-01

နောက် ၁၂ နှစ်ကြာတဲ့အခါမှာ Lucis တွေရဲ့ မြို့တော် Insomnia ဟာ Niflheim ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကို Kingsglaive တွေ အားကိုးနဲ့ ခုခံနေရပါတယ်။ Lucis တွေရဲ့ အစဉ်အဆက် ဘုရင်တွေဟာ Ring of Lucii ကို ပိုင်ဆိုင်ကြပြီး ဒီလက်စွပ်က စွမ်းအားတွေကို Kingsglaive တွေဆီ မျှဝေပြီး အထူးတပ်ဖွဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Insomnia ရဲ့ မြို့တော်ဟာ အလွန်မြင့်မားတဲ့ နံရံတွေနဲ့ ဝန်းရံထားပြီး အတွင်းဖက်မှာ နံရံဟောင်း တစ်ထပ် ရှိပါသေးတယ်။ ဒါပေမယ့် Niflheim ရဲ့ Daemon တွေကြောင့် သူတို့ အရေးနိမ့်မလို ဖြစ်ပြီး မြို့အတွင်းပိုင်းကို ပြန်လည် ဆုတ်ခွာရပါတယ်။

final-fantasy-xv-cgi-movie-kingsglaive-trailer_cgrecord0100

Nyx ဟာ ပြင်ပဒေသကနေ စစ်ရှောင်လာတဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး Lucis ဘုရင် Regis က ကယ်တင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ်ကြောင့် Kingsglaive တွေထဲမှာ သူ့ကို လူစွမ်းကောင်း (Hero) လို့ နာမည်ပြောင် ပေးခံရပါတယ်။ Nyx နဲ့အတူ Libertus နဲ့ Crowe တို့ဟာ အလွန်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ အရေးနိမ့်လုလု တိုက်ပွဲကနေ ဒဏ်ရာရလာတဲ့ Libertus ကို Nyx က ကယ်တင်လာပြီးနောက် Lucis ရဲ့ ဘုရင်ဆီကို Niflheim ဝန်ကြီးချုပ်ကိုယ်တိုင် သံတမန်အဖြစ် ရောက်လာပါတယ်။ ဝန်ကြီးချုပ် Ardyn Izunia ရဲ့ အကြံပြုချက်အရ Niflheim က ထိန်းချုပ်ထားတဲ့ Tenebrae မင်းသမီး Lunafreya နဲ့ Lucis က မင်းသား Noctis တို့ကို လက်ထပ်ပေးပြီး စစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးဖို့ ဘုရင် Regis က သဘောတူလိုက်ပါတယ်။ ဒါ့အပြင် Lucis ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ နယ်မြေအားလုံးကို Niflheim ကို လွှဲပြောင်းပေးရမှာ ဖြစ်ပြီး Niflheim က Lucis ကို လွတ်လပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

crowe

ဒီသဘောတူညီမှုဟာ Kingsglaive တွေ ကြားမှာ အက်ကြောင်း ဖြစ်သွားစေပြီး Kingsglaive ခေါင်းဆောင် Drautos က Crowe ကို အထူးတာဝန် တစ်ခု ပေးပါတယ်။ ဘာတာဝန်မှန်း သေချာမသိရပေမယ့် Crowe ကျဆုံးသွားတာကြောင့် Libertus ဟာ Kingsglaive ကနေ နှုတ်ထွက်ပြီး မြေအောက်ဆန့်ကျင်ရေးအဖွဲ့ဆီ သွားရောက်ပူးပေါင်းပါတယ်။ Insomnia ကို ရောက်လာတဲ့ သံတမန် အဖွဲ့မှာ သတို့သမီးလောင်း Lunafreya လည်း ပါလာပါတယ်။ ငြိမ်းချမ်းရေး လက်မှတ်မထိုးခင်ညမှာပဲ Niflheim ရဲ့ ဧကရာဇ်ကိုယ်တိုင် Insomnia ကို လာရောက်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းပါတယ်။

img_chara_luna_01-0

ဒါပေမယ့် တကယ်လက်မှတ်ထိုးမယ့် မနက်မှာတော့ မင်းသမီး Lunafreya ပျောက်ဆုံးနေပြီး Niflheim တပ်တွေဟာ Insomnia နဲ့ အနီးဆုံးတောင်ကြားမှ လျှို့ဝှက်ချထားတာကို သိလိုက်ရတဲ့အခါ Lucis ဖက်က ဘယ်လို တုံ့ပြန်မလဲ။ Ring of Lucii ရဲ့ အစွမ်းက ဘာလဲ။ Insomnia မြို့တော်ကြီးက ဘာကြောင့် Niflheim ရဲ့ တိုက်စစ်ကို ခုခံနိုင်သလဲဆိုတာကိုတော့ ဆက်လက် ရှုစားကြပါ။

3106734-iedolas_aldercapt_e3_2016_kingsglaive_final_fantasy_xv_trailer

Aaron Paul ၊ Sean Bean ၊ Lena Heady နဲ့ David Gant တို့ အသံသရုပ်ဆောင်ထားပြီး Trevor Davall ၊ Adrian Bouchet နဲ့ Liam Mulvey တို့ ပါဝင်အားဖြည့်ထားတဲ့ Kingsglaive: Final Fantasy XV ဟာ နာမည်ကျော် ဂိမ်းကုမ္ပဏီ Square Enix ရဲ့ ဖန်တီးမှု လက်ရာ ဖြစ်ပါတယ်။ ဒါရိုက်တာ Takeshi Nozue ရဲ့ လက်ရာမြောက်ဖန်တီးမှုတွေနဲ့အတူ Square Enix ရဲ့ ထုံးစံအတိုင်း 3D အလန်းစားတွေနဲ့ ဖန်တီးထားတဲ့ Animation ဖြစ်ပါတယ်။ Final Fantasy ဂိမ်းတွေ၊ ဇာတ်ကားတွေမှာ ပါဝင်တဲ့ ထူးထူးဆန်းဆန်း ယာဉ်တွေ၊ စွမ်းအားတွေ၊ သတ္တဝါဆန်းကြီးတွေလည်း ပါဝင်ပါသေးတယ်။

robots

ဒီဇာတ်ကားဟာ နိုဝင်ဘာမှာ ဖြန့်ချိမယ့် Final Fantasy XV ရဲ့ ဈေးကွက်မြှင့်တင်ရေး စီမံကိန်းမှာ တစိတ်တစ်ဒေသအဖြစ် ပါဝင်ပါတယ်။ ဇာတ်လမ်း ကျောရိုးကလည်း Final Fantasy XV ရဲ့ ဇာတ်အိမ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး Final Fantasy XV မတိုင်ခင် အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Final Fantasy ဂိမ်း မဆော့ဖူးသူတွေအတွက်တော့ ဇာတ်လမ်းက အနည်းငယ် ရှုပ်ထွေးနိုင်ပေမယ့် ဇာတ်လမ်းအစပိုင်းမှာ ဇာတ်ကြောင်း ပြန်ပြောတဲ့ ပုံစံနဲ့ အဖြစ်အပျက်တွေ မိတ်ဆက်ထားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းရဲ့ အဆုံးသတ်ကတော့ ဂိမ်းမှသာ ပြီးပြည့်စုံမှာမို့ တခန်းရပ်ပြဇာတ်ဆန်ဆန် ဇာတ်သိမ်းသွားတာက ပရိသတ်တွေကို အားမလို အားမရ ဖြစ်စေပါတယ်။

kingsglaive-32

အလွန်ကောင်းမွန်တဲ့ 3D ဖန်တီးမှုတွေက Animation ကို လူအလား ထင်မှတ်မှားလောက်အောင် အသက်ဝင်ပါတယ်။ အရမ်း Romantic မဖြစ်ပဲ လှုပ်ရှားမှု အသားပေး ဇာတ်လမ်းဆင်ထားတာကြောင့် ဇာတ်အိမ် ခိုင်ခိုင်ခန့်ခန့်မှ ကြိုက်နှစ်သက်သူတွေ၊ ဇာတ်ကြောင်း ကောင်းကောင်း နားမလည်သူတွေအတွက်တော့ အတော်လေး အခက်တွေ့စေမယ့် အခြေအနေပါ။ ဒါပေမယ့် အရင် ထွက်ခဲ့တဲ့ Final Fantasy: Spirit Within နဲ့ Final Fantasy VII: Advent Children ထက်တော့ ပိုနားလည်လွယ်ပါတယ်။ Final Fantasy ရဲ့ ထုံးစံအတိုင်း သီးခြားစီ ဇာတ်အိမ်တည်ဆောက်ထားတာကြောင့် ရှေ့က ဂိမ်းတွေအကြောင်းလည်း သိပ်သိဖို့ မလိုပါဘူး။

gladilus

IMDb မှာတော့ Rating 7.0 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer က 13% အောက်ကို ရောက်ရှိနေပါတယ်။ ရုပ်ရှင်ဝေဖန်သူအများစုဟာ Final Fantasy ရဲ့ ဂိမ်းဖွဲ့စည်းပုံနဲ့ သူ့ရဲ့ ဇာတ်အိမ်ကို မရင်းနှီးတာကြောင့် အကောင်းဖက်က ဝေဖန်လိုသူ သိပ်မရှိကြတဲ့အတွက် Tomatometer အတော်လေး အောက်ရောက်နေတာ ဖြစ်ပြီး ပရိသတ်ရဲ့ နှစ်ခြိုက်မှုကတော့ 74% အထိ ရှိတာ တွေ့ရပါတယ်။ အက်ရှင်ကားကောင်း ကြိုက်သူတွေနဲ့ ဂိမ်းချိုးတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုပါရစေ။

Hollinaz

Kingsglaive: Final Fantasy XV (2016)

About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>